ဆံပင်ရေစိုနဲ့ အိပ်တာ ကျန်းမာရေးထိခိုက်နိုင်လား
ညဘက်ကို နောက်ကျမှပြန်ရောက်လို့ ရေချိုးခေါင်းလျှော်ရင်းနဲ့ ဆံပင်မခြောက်သေးဘဲ အိပ်ပျော်သွားတဲ့ အခိုက်အတန့်တွေ မကြာခဏဆိုသလို ကြုံဖူးကြမယ်ထင်ပါတယ်။ တချို့ကလည်း ဘာမှမဖြစ်ပါဘူးလို့ ဆိုကြပေမယ့် လူကြီးအများစုကတော့ ဆံပင်ရေစိုနဲ့ အိပ်ရင် ဖျားတတ်တယ်၊ နေမကောင်းဖြစ်တတ်တယ်ဆိုပြီး ဆူကြတာလည်း ကြားဖူးကြမှာပါ။
ဆံသားနဲ့ အစိုဓာတ်
ဆံသားကျန်းမာဖို့ အစိုဓာတ်လိုအပ်တယ်ဆိုပေမယ့် ရေစိုနေတဲ့ အစိုဓာတ်ကတော့ ပြောင်းပြန်ပါပဲ။ ရေစိုနေတဲ့အချိန်ဟာ ဆံသားအတွက် ထိခိုက်ပျက်စီးနိုင်စေဖို့နဲ့ ပိုးမွှားတွေ ပေါက်လာစေဖို့ အကောင်းဆုံး အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် တတ်နိုင်ရင်တော့ ဆံပင်ရေစိုကြီးနဲ့ အိပ်လိုက်တာထက် ဆံသားတွေ ခြောက်သွားတဲ့အထိ စောင့်ပြီးမှ အိပ်သင့်ပါတယ်။
ဆံပင်ရေစိုနဲ့အိပ်ရင် ကျန်းမာရေးထိခိုက်နိုင်လား?
လုံးဝမထိခိုက်ဘူးလို့ အတိအကျပြောလို့တော့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆံပင်ရေစိုနဲ့ အိပ်ပျော်သွားခြင်းဟာ ကျန်းမာရေးပြဿနာတချို့ ဖြစ်နိုင်ခြေကို မြင့်တက်စေတာဖြစ်ပြီး သေချာပေါက်ဖြစ်လိမ့်မယ်လို့ ရည်ရွယ်တာမဟုတ်လို့ပါပဲ။ အဲဒီတော့ ဖြစ်နိုင်တဲ့အရာတချို့ကို နှိုင်းယှဉ်ပြောရမယ်ဆိုရင် ...
၁။ နေမကောင်းဖြစ်ခြင်း - ဖျားနာတာဟာ ရာသီဥတုအေးတာနဲ့ရော အရေပြားစိုစွတ်ပြီး အေးနေတာကြောင့်မဟုတ်ဘဲ ခန္ဓာကိုယ်ထဲ ဝင်နေပြီးသား ရောဂါပိုးတစ်မျိုးမျိုးကြောင့် ဖြစ်ရတာပါ။ ဆံပင်ရေစိုနဲ့ အိပ်လိုက်တဲ့အခါ ခေါင်းစိုစိုနဲ့ အအေးဓာတ်ကြောင့် ကိုယ်ခံအားအနည်းငယ် ကျသွားနိုင်ခြေရှိတဲ့အတွက် နေမကောင်းဖြစ်ဖို့ အခွင့်အရေးပိုများနိုင်ပါတယ်။
၂။ အရေပြားမှိုစွဲခြင်း - အပေါ်မှာပြောခဲ့သလိုပဲ၊ ဆံပင်ရေစိုနဲ့ အိပ်လိုက်တဲ့အခါ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်ပေါ်က ပိုးမွှားတွေက ပူနွေးစိုစွတ်တဲ့ဦးရေပြားကို အလွယ်တကူ ကူးစက်နိုင်ပြီး အရေပြားရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလိုပြဿနာတွေထဲမှာ အရေပြားမှိုစွဲခြင်း၊ ဦးရေပြားမှိုစွဲခြင်း၊ ဗောက်ထတာတွေက တော်တော်လေး အဖြစ်များပါတယ်။
၃။ ဆံပင်ပျက်စီးခြင်း - ရေစိုနေပြီး ထိခိုက်ပျက်စီးဖို့ အလွယ်ကူဆုံးဖြစ်နေတဲ့ ဆံသားတွေကို ခေါင်းနဲ့ဖိပြီး အိပ်လိုက်တာ၊ အားတစ်ခုနဲ့ ဆောင့်ဖိပြီး ဆွဲလိုက်တာ၊ ခေါင်းကို ဘေးဘီလှည့်အိပ်ရင်း ဆံပင်ကို ပုံစံအမျိုးမျိုးနဲ့ ဖိချလိုက်တဲ့အခါ ဆံသားတွေက ကျိုးကြေတာ၊ နှစ်ခွဖြစ်တာ၊ ဆံပင်ကျွတ်တာတွေ ဖြစ်နိုင်ပါတယ်။
အကယ်လို့ ကိုယ်က ညအိပ်ကာနီးမှ ရေချိုး၊ ခေါင်းလျှော်လိုက်တယ်ဆိုရင်တော့ မလိုအပ်တဲ့ ကျန်းမာရေးပြဿနာတွေ မဖြစ်စေဖို့ -
- ခေါင်းလျှော်တဲ့အခါ Shampoo အပြင် Conditioner ပါ တွဲသုံးပေးပါ။
- ခေါင်းကို Dryer နဲ့ရသလောက် အပူမှုတ်ပြီး အခြောက်ခံပေးပါ။
- ခေါင်းလျှော်ပြီးချိန်နဲ့ အိပ်ချိန်ကြားမှာ အချိန်ကြာသလောက် ကြာကြာခြားထားပေးပါ။
- ဆံသားကို အုန်းဆီ၊ သံလွင်ဆီ ဒါမှမဟုတ် Essential Oil တစ်ခုခုလိမ်းပေးပါ။
- ပြီးသွားရင်တော့ ဆီနှံ့စေဖို့နဲ့ ဆံသားထိခိုက်မှုနည်းအောင် ဘီးဖြီးပေးပါ။
- ပိုးသားခေါင်းအုံး၊ ချည်သား ခေါင်းအုံးစွပ်တွေနဲ့ ခေါင်းအုံးပြီး အိပ်ပေးပါ။
- ကိုယ့်အိပ်ရာကို ဖုန်နည်းအောင်လို့ ခါပြီး သန့်ရှင်းရေးလုပ်ပေးဖို့ မမေ့ပါနဲ့။
အချုပ်အားဖြင့် ပြောရမယ်ဆိုရင် ဆံပင်ရေစိုကြီးနဲ့ ညအိပ်လိုက်လို့ ကျန်းမာရေးအရ အန္တရာယ်ရှိတဲ့၊ စိုးရိမ်ရတဲ့ ပြဿနာတွေ မဖြစ်စေနိုင်ဘူးဆိုပေမဲ့ မလိုအပ်တဲ့ အရေပြားပြဿနာနဲ့ ဆံသားပြဿနာတွေ မဖြစ်အောင်တော့ ဒီအကျင့်ကို ဖျောက်ဖို့၊ ဒါမှမဟုတ် အပေါ်မှာ ပြောထားခဲ့တဲ့ tips လေးတွေကို လိုက်နာကြည့်ဖို့ အကြံပေးချင်ပါတယ်။
ရဲမျိုးမြတ်